Get Mystery Box with random crypto!

မြန်မာနိုင်ငံက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေး | Kyaw Swar🇲🇲🇲🇲🇲🇲

မြန်မာနိုင်ငံက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရေး ကြိုးပမ်းဆောင်ရွက် နေမှုများကို IAEA အစည်းအဝေး၌ ပြောကြား

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် Vienna International Centre ၌ စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပလျက်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် IAEA တို့အကြား ပူးပေါင်း ဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံး ချရေး ကြိုးပမ်း ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပါတယ်။

မြန်မာကိုယ်စားလှယ်က IAEA ၏ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးချမှုမြှင့်တင်ရေး ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့်တာဝန်သိစွာ နှစ်စဉ်ကြေးများ ပုံမှန်ထည့်ဝင် လျက်ရှိ ကြောင်း၊ နည်းပညာဆိုင်ရာကူညီပံ့ပိုးမှုများ တိုးမြှင့်ပေးအပ်ရန် မေတ္တာရပ်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတက်ရေး စီမံကိန်း (MSDP) ကို အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ် သောစွမ်းအင်ပံ့ပိုးပေးရန် ကြိုးပမ်းလျက်ရှိပြီး၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် နည်းပညာများ အား ဦးစားပေးဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ရန်အတွက် နျူကလီးယား စွမ်းအင်သည် ဖြစ်နိုင်ချေရှိသော စွမ်းအင်အရင်းအမြစ်တစ်ခုအဖြစ် မှတ်ယူပါကြောင်း၊ ယင်းကဏ္ဍတွင် IAEA ၏ ကူညီပံ့ပိုးမှုကို ရရှိလိုကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနှင့်ရုရှား “နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းသောရည်ရွယ်ချက်များ အတွက် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်”၊ “အဏုမြူစွမ်းအင်နယ်ပယ်ဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုး တိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ”နှင့် နျူကလီးယား စွမ်းအင်ကို ပြည်သူလူထု၏ အပြုသဘောဆောင်သော သဘောထားအမြင်များ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ” တို့ကို ပူးပေါင်းဆောင်ရွက်နေမှု၊  ယင်းသို့ပူးပေါင်းဆောင်ရွက်ရာတွင် နျူကလီးယားနည်းပညာသတင်းအချက်အလက် စင်တာကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ထားရှိမှုတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် IAEA ၏ Rays of Hope၊ NUTEC Plastics နှင့် ZODIAC စီမံကိန်းများအောက်မှ ကင်ဆာရောဂါ၊ တိရစ္ဆာန်မှလူသို့ ကူးစက်မှုရောဂါများနှင့် ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေးဆောင်ရွက်နေမှုများနှင့် အစားအစာဖူလုံရေး အတွက် ဆောင်ရွက်မည့် Atoms4Food စီမံကိန်းသစ်တို့အပေါ် ထောက်ခံပြီး အဆိုပါစီမံကိန်းများကို နိုင်ငံအားလုံးက အကျိုးခံစားခွင့်ရှိရေး တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။


Yangon_Media_Group